“ကိုရင် စန္ဒိမာ နဲ့ ကိုရင်ပညာ ကိုရင်တို့နှစ်ပါးအတူကြွရမယ်
သီလပေးရေးစက်ချရတယ်မို့လား”
“တင်ပါ ရပါတယ်ဘုရား”
“နောက်ထပ် ကိုရင် ၀ိမလ နဲ့ ကိုရင်သောဘန တို့ကအတူကြွရမယ်
သီလပေး၊ရေးစက်ချလုပ်နိုင်တယ်မို့လား”
“တင်ပါ လုပ်နိုင်ပါတယ်ဘုရား…”
ကိုရင်ဝိမလနဲ့ ကိုရင်သောဘန နှစ်ပါးလုံးဟာ သက်တော်(၁၂)နှစ်ပဲရှိသေးတဲ့ ကိုရင်ငယ်လေးတွေပါ။
မနက်ဖြန် မြို့ထဲမှာ မဟာဒုတ်ဆွမ်းစား ကြွရမှာဖြစ်လို့ စာချဆရာတော်က
ဘယ်သူနဲ့ အတူကြွရမယ်ဆိုတာကို စီစဉ်ပေးနေတာပါ၊ ဆွမ်းကပ်တဲ့ ဒကာ၊ဒကာမတွေ
ဒုက္ခမများအောင်လို့ ကိုရင် ကိုရင်အချင်းချင်း၊ ဦးဇင်းကို
ဦးဇင်းအချင်းတွဲပေးနေတာဖြစ်ပါတယ်။
စာချဆရာတော်က
သီလပေးရေစက်ချလုပ်နိုင်လားလို့မေးလို့သာ လုပ်နိုင်တယ်လို့ လျှောက်လိုက်ရတယ်
သီလပေးကို ဖင်ပြန်ခေါင်းပြန်ရပေမယ့် ရေစက်ချကိုတော့ ကိုရင်ဝိမလ မရပေ၊
“ငါမရလဲ ကိုရင်သောဘနရမှာဆိုပြီး ခပ်ပေါ့ပေါ့ပဲသဘောထားလိုက်တယ်”။
ကိုရင်သောဘနစိတ်ထဲမှာလဲကိုရင်ဝိမလတွေးသလိုပဲ “ငါမရလဲ ၀ိမလတော့ရမှာပါ”လို့
တွေးပြီးအေးအေးဆေးဆေးနေလိုက်ပါတော့တယ်။ဒီလိုနဲ့နောက်နေ့မှာတော့
မိမိတို့မဲကျရာအိမ်ကို စာချဆရာတော်စီစဉ်ပေးလိုက်တဲ့အတိုင်း
ကိုယ်အတွဲနဲ့ကိုယ် ကြွကြပါတယ်။
မဟာဒုတ်ဆွမ်းကပ်မယ့်အိမ်ရောက်တော့
ဆွမ်းဘုဉ်းပြီးမှ ရေစက်ချတရားနာမယ်လို့ ဆွမ်းဒကာ ကလျှောက်ပြီး
ဆွမ်းကပ်ပါတယ်။ကိုရင်ဝိမလ နဲ့ ကိုရင်သောဘနတို့လည်း ရေစက်ချကို သူရမှာပါ
ဆိုတဲ့အတွေးနဲ့ ခပ်အေးအေးပဲ မြိန်ရည်ယှက်ရည် ဆွမ်းဘုဉ်းဘုဉ်းနေကြပါတယ်။
“ အမေကြီးရေ ရေစက်ခွက်ပြင်ထားပါကွာ ကိုရင်လေးတွေဆွမ်းဘုဉ်းပြီးရင် ရေစက်ချတရားနြာ ကရအောင်”
ဆွမ်းဒကာ ဒကာကြီးရဲ့ ရေစက်ခွက်ပြင်ထားဆိုတဲ့အသံကိုကြားတော့မှ တပါးနဲ့တပါး ရေစက်ချရမရ မေးမိကြတယ်။
“ကိုရင်သောဘန ရေစက်ချရတယ်မို့လား...?”
“မရဘူးလေ တပည့်တော်က ဆုပေးပဲရတာ၊ ကိုရင်ရေစက်ချလိုက် တပည့်တော်ဆုပေးလိုက်မယ်”
ကိုရင်သောဘနစကားကြားတော့ ကိုရင်ဝိမလမှာ ပြာပြာတစ်လဲဖြစ်သွားပြီး
“ဟာ..ဒုက္ခပါပဲကိုရင်ရယ် တပည့်တော်လဲ ဆုပေးပဲရတာ၊ ကိုရင်ရေစက်ချရတယ်ဆိုပြီး အေးအေးဆေးအေးလုပ်နေတာ၊ ခု ဘယ်လိုလုပ်မလဲ.....?”
ရေစက်ချရင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အတွေးကြောင်း ကိုရင်နှစ်ပါးမှာ
ဖွယ်ဖွယ်ရာရာဆွမ်းဟင်း လျာကို အရသာခံကာ မဘုဉ်းပေးနိုင်တော့ဘဲ
သောကနဲ့ဟင်းချက်ရောချက ဘုဉ်းနေရရှာပါတယ်။
ဆွမ်းဘုဉ်းပေးအပြီး
အချိုပွဲကပ်တော့ ကိုရင်နှစ်ပါးလုံးမှာတပါးမျက်နှာ တပါးကြည့်လို့ အကြံအိုက်
နေကြပါတယ်။ ခဏအကြာမှာတော့ ကိုရင်ဝိမလဆီက အသံထွက်လာပါတယ်။
“ဒကာကြီး ကိုရင်ကျင်ငယ်စွန့်ချင်လို့ ကုဋီဘယ်နားမှာရှိလဲ”
“အိမ်နောက်မှာပါဘုရား တပည့်တော်လိုက်ပို့ပေးပါမယ်ဘုရာ” ဆိုကာ အိမ်ရှင်ဒကာကြီးက ကိုရင်ဝိမလကို ကုဋီလိုက်ပြပါတယ်၊ ကုဋီနားရောက်တော့။
“ဒီလောက်ဆိုရပါပြီ ဒကာကြီး ကိုရင်ဖာသာပဲသွားလိုက်ပါ့မယ် ဒကာကြီးအိမ်ထဲကစောင့်နေပါ” လို့ပြောပြီး ကုဋီထဲဝင်သွားပါတယ်။
ဆွမ်းဝိုင်းမှာကျန်နေခဲ့တဲ့ ကိုရင်သောဘနမှာတော့ “ကိုရင်ဝိမလတော့ ဘာတွေအကြံ
ထုတ်နေလဲမသိဘူး၊ ငါတပါးထားပြီးထွက်ပြေးရင်တော့ ဒုက္ခပဲ”လို့တွေးနေတုန်း
အိမ်ရှေ့အပေါက်ဝကနေ အိမ်းထဲကိုလှန်းအော်နေတဲ့ အသံကိုကြားလိုက်ရပါတယ်။
“သောဘနရေ…… တပည့်တော်တော့ လစ်ပြီးဘုရား၊ တာ့တာ”
ဆိုပြီး ဖိနပ်နှစ်ဖက်ကိုလက်က ကိုင်ပြီ မှုန်နေအောင်ထွက်ပြေးသွားတဲ့ ကိုရင်ဝိမလကို တွေ့လိုက်ရပါတော့တယ်။
ထွက်ပြေးသွားတဲ့ ကိုရင်ဝိမလ အဖြစ်ကိုကြည့်ပြီး ဆွမ်းဒကာ၊ဒကာမတွေမှာ အံ့သြမှင်တက်ပြီး ကြည့်နေကြပါတယ်။ ဒီချိန်မှာ ကိုရင်သောဘန လဲ ...
“ဒကာကြီးရေ ဟိုကိုရင်တော့ ရေစက်ချမရလို့ ထွက်ပြေးသွားပြီး သူ့ကို ကိုရင်လိုက်ဖမ်းလိုက်ဦး မယ်ဗျို့ ”
လို့ပြောရင် အတင်းထကာ ဖိနပ်ကိုတောင်မစီတော့ပဲ လက်နဲ့ကောက်ပြီး ကိုရင်ဝိမလနောက်ကို အပြေးလိုက်သွားပါတော့တယ်။
ဆွမ်းဒကာ၊ဒကာမတွေမှာ စကားပြန်တောင်တစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ
မျက်လုံးအပြူးသားနဲ့ ရေစက်ခွက်ကို ရှေ့မှာချလို့ ကျန်ရစ်နေခဲ့ပါတော့တယ်။
“ပထမဆုံးထွက်ပြေးသွားတဲ့ ကိုရင်ဝိမလကော လိုက်ခေါ်မယ်ဆိုတဲ့ ကိုရင်သောဘနပါ
အခုအချိန်အထိ ဆွမ်းဒကာအိမ်ကို ရေစက်ချပေးဖို့ ပြန်ပေါ်မလာတော့ပါဘူး”
(စကားချပ်)
=======
အခုအခါမှာတော့ ကိုရင်ဝိမလ ကိုရင်သောဘန တို့ဟာ ဘဒ္ဒန္တ၀ိမလ
ဘဒ္ဒန္တသောဘနအဖြစ်သို့ ရောက်ကုန်ကြပြီး ပရိသတ်အထိုက်အလျှောက်လက်ခံတဲ့
နာမည်ကျော် ဓမ္မကထိဆရာတော်ေ တွဖြစ်နေကြပြီဖြစ်ပါတယ်။
“ဓမ္မဝီရ ဒေါက်တာတေဇနိယ"
Comments
Post a Comment